Saturday, May 22, 2010

“ခရောင်းလမ်းကို…ဖြတ်ကျော်ခြင်း”

22.05.2010
(လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မိမိရေးသားခဲ့သော ကဗျာတပုဒ်)။


 ဘ၀ပန်းတိုင်…ရောက်ဖို့အတွက်
ခရောင်းတောလမ်း…ဖြတ်သန်းနေတဲ့…ငါ
ဘယ်သူ့ဆီမှ…ဒူးမထောက်
ကိုယ့်ခရီး…ကိုယ်လျှောက်မယ်ဆိုတဲ့…ငါ
မာနကို…အားကိုးပြု
ဘ၀တခုကို..ကျမ်းပြုမယ်ဆိုတဲ့…ငါ
ကိုးကွယ်ခဲ့တဲ့…မာနတရား
ချို့တဲ့ခြင်းဆိုတဲ့…ဓားက ဖြတ်လေတော့
ငါ..ငါ…..ငါဆိုတဲ့..အတ္တ
ခုတော့ ခ၀ါ..ချခဲ့ရပြီ……..

 ငွေတဆယ်…ခါးထဲထည့်
လမ်းလျှောက်ထွက်ခဲ့တဲ့…ငါ
ဘာဆို..ဘာမျှ မတွေး
တွေးတာက..တခု
လ္ဘက်ရည်တခွက်…၁၂ကျပ်
ငါ…အနားမကပ်နိုင်ပြီ..လို့
အောက်ငုံ့ကာ…ခြေထောက်ကြည့်
အဆင်းမရှိသည့်…ဖိနပ်
တွန့်လိမ်နေတဲ့…နှုတ်ခမ်း
ယောင်းယမ်းကာ…စမ်းမိ
ငွေတဆယ်..ဆိုတဲ့..အသိက
စမ်းနေတဲ့လက်အား
ရပ်တန့်သွားစေခဲ့တယ်


 တဖန်
ကိစ္စတခုအတွက်
ဈေးချို..ထွက်ခဲ့တဲ့…ငါ
ရပ်နေတဲ့..ဘတ်စ်ကား
မှီလိုငြား…အတင်းလျှောက်
28/29 ဈေးချို နှစ်ဆယ်
စပါယ်ယာစကား
တက်တော့မယ့်…ခြေလှမ်း
အမ်းတန်းတန်း…ဖြစ်စေခဲ့တယ်…..

 ဗလာစာအုပ်…တစ်အုပ်
ဆယ့်ကိုး နှစ်ဆယ်
တန်ဖိုးမငယ်တဲ့
ဈေးနှုန်းတွေကြား
အညံ့စားကို
ဝယ်ယူသုံးစွဲ
အားမာန်ခဲ၍
ဘ၀တိုးတက်ရေး
အစဉ်တွေးနေတဲ့…ငါ
ထောက့်ပံ့မည့်သူ…မရှိ
ဒီတော့
ဝင်ငွေက..နတ္ထိပေါ့
ထွက်ငွေက..တရစပ်
ဝင်ငွေက…ပြတ်တတ်တတ်နဲ့
ရှေ့လျှောက်ရမည့်…အရေး
ငါ့ရင်တွေ…လေးနေမိတယ်။

 ဘာပဲဖြစ်ဖြစ်
မှင်လိုက်မမှန်တဲ့..ဘောလ်ပင်တချောင်း
အရောင်မရှိတဲ့…ဖိနပ်တရံ
၁၃ကျပ်တန်…ခပ်ညံ့ညံ့ စာအုပ်တစ်အုပ်
ခပ်စုတ်စုတ်…ထီးတလက်
ဒါတွေဟာ
ဘာပဲဖြစ်ဖြစ်
သစ္စာမပျက်တဲ့…မိတ်ဆွေစစ်တွေပေါ့
သူတို့ကိုအားထား
လောကဓံကို..ကျော်လွှားရင်း
ပန်းတိုင်သို့…စိုင်းပြင်
ငါ…ခရီးနှင်ရအုံးမည်၊

 အော်…ဘ၀..ဘဝ
သပိတ်တလုံး
သင်္ကန်းသုံးထည်ဆို
ပြည့်စုံတယ်ဆိုတဲ့..ရဟန်းဘဝ
ခုတော့…ခက်ချေပြီ။

အရှင်အစ္ဆရိယ

ဆက်လက်ဖတ်ရန်...